Last post

အရေးပေါ်တားဆေးများအကြောင်း

Ecee 2,pill 72,levo 72 အကုန်လုံးအတူတူပါပဲ။ အရေးပေါ်တားဆေးတွေချည်းပဲ။နာမည်နောက်မှာပါတဲ့ 72ဆိုတာ ထွေထွေထူးထူးမဟုတ်ပါ။ ၇၂နာရီ(၃ရက်အတွင်း) သောက်ရမယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ်လွင်စေဖို့၊သတိရစေဖို့ ဖြစ်ပါတယ်။ ဆေးတစ်လုံးချင်းစီမှာ ပရိုဂျက်စတီရုန်းဟော်မုန်းဖြစ်တဲ့ levonorgestrel 0.75mg ပဲပါတယ်။ ဆေးတကဒ်မှာ ဆေးနှစ်လုံးပါတယ်။ ဆေးကိုနှစ်လုံးတပြိုင်နက် သောက်ရင် ပျို့ချင်၊အန်ချင် ခေါင်းမူးတာပိုဆိုးတယ်။ brand ကွားခြားလို့၊ဆေးကွာခြားလို့ ဆိုတာမျိုး မဟုတ်ပါဘူး။
ဆေးအာနိသင်
-မျိုးဥအိမ်ကနေ မျိုးဥမထွက်အောင် တားဆီးပေးတယ်။
-သားအိမ်ဝအကျိအချွဲများစေပြီး သုတ်ကောင်မဝင်အောင် တားဆီးပေးတယ်။
-သားဥပြွန်ရဲ့ လှုပ်ရှားမှုကို ပြောင်းလဲစေတယ်။
-သန္ဓေအောင်တဲ့ မျိုးဥတွေ သားအိမ်မှာ တွယ်ကပ်ခြင်းကို တားမြစ်ပေးလို့ ကိုယ်ဝန်မရစေဘူး။
(လတ်တလောလေ့လာမှုအချို့က endometrium ပေါ်မှာ အာနိသင်မရှိဘူးလို့ လည်း ဆိုပါတယ်)
ဆေးညွှန်း
အကာကွယ်မဲ့ လိင်ဆက်ဆံပြီး သုံးရက်အတွင်း(၇၂နာရီအတွင်း) အသုံးပြုရပါမယ်။ ဆက်ဆံပြီး တစ်ရက်အတွင်း အသုံးပြုနိုင်ရင် ၉၅ရာခိုင်နှုန်း၊၃ရက်အတွင်း အသုံးပြုနိုင်ရင် ၈၅ရာခိုင်နှုန်း ကာကွယ်ပေးတယ်။ သုံးစွဲသူ (၈)ယောက်မှာ (၇)ယောက်ဟာ ကိုယ်ဝန်မရစေဘူး။ဒါ့ကြောင့် အကောင်းဆုံးက ဆက်ဆံပြီးပြီးချင်း အသုံးပြုသင့်တယ်။ ဒါမှမဟုတ် ဆက်ဆံပြီး ၃ရက်အတွင်း ၊သတိရရချင်း သောက်သုံးသင့်တယ်။ အကယ်၍ ဆေးသောက်ပြီး တနာရီအတွင်း အန်ရင် နောက်ဆေးတလုံး ထပ်သောက်ပေးပါ။
တခြားဘယ်အခြေအနေတွေမှာ အရေးပေါ်တားဆေးသုံးနိုင်သေးလဲ
• နှစ်ရက်ဆက်တိုက် ပုံမှန်တားဆေးကဒ်သောက်ဖို့ မေ့လျှော့တဲ့အခါ၊
• calendar method မှားယွင်းတွက်ချက်မိတဲ့အခါ၊
• ကွန်ဒုံးအသုံးပြုစဉ် ပေါက်ပြဲတဲ့အခါ၊
• အမျိုးသမီးကွန်ဒုံး ပြုတ်ထွက်တဲ့အခါ၊
• သွေးဆုံးကိုင်ခြင်းအတွက် ဟော်မုန်းအစားထိုးတဲ့အခါမျိုးမှာ အသုံးပြုနိုင်ပါတယ်။
ဘေးထွက်ဆိုးကျိုး
• အများစုဟာ ပျို့ချင်၊အန်ချင် ဖြစ်တတ်တယ်။
• ခေါင်းကိုက်၊ခေါင်းမူး ရှိတတ်တယ်။
• ဗိုက်နာ ဗိုက်အောင့် ဖြစ်တတ်တယ်။
• ရင်သားတင်းပြီး နာနိုင်တယ်။
• သွေးတစ်စက်စက် ဆင်းတာ၊ ရာသီသွေးမမှန်တာမျိုး ဖြစ်တတ်တယ်
(အများစုဟာ ဆေးသာက်ပြီး တစ်ရက်အတွင်း ပျောက်ကင်းတတ်ကြတယ်။)
အားသာချက်
• အသုံးပြုရလွယ်ကူတယ်။
• အလွယ်တကူရရှိနိုင်တယ်။
• ဈေးချိုတယ်။
• ကိုယ်ဝန်ရနိုင်ချေရဲ့ ၈၅ရာခိုင်နှုန်းကို တားဆီးပေးတယ်။
• ဆေးကြောင့် ကိုယ်ဝန်ရတာ၊ကိုယ်ဝန်ဖျက်ချတာတွေ လျှော့နည်းစေတယ်။
• အရေးပေါ်လိုအပ်တဲ့အချိန်မျိုးတိုင်း သုံးစွဲနိုင်တယ်။
အားနည်းချက်
• အဝလွန်သူ(BMI 30အထက်)ဖြစ်ရင် အာနိသင်နည်းတယ်။
• လိင်ကတဆင့်ကူးစက်တဲ့ရောဂါတွေကို မကာကွယ်နိုင်ဘူး။
• ရေရှည်သုံးစွဲရင် အာနိသင်ကျဆင်းလာနိုင်တယ်။
• ectopic pregnancy သားအိမ်ပြင်ပသန္ဓေတည်နိုင်တယ်။
သတိပြုစရာ
အရေးပေါ်တားဆေးသောက်တဲ့အခါ မိခင်နို့ထဲမှာlevonorgestrel အနည်းအကျဉ်းပါနိုင်ပါတယ်။ ဒါ့ကြောင့် ဆေးသောက်ပြီး ၈နာရီအတွင်းမိခင်နို့မတိုက်တာ ပိုကောင်းတယ်။ ၁၂နာရီကျော်ရင် မိခင်နို့တိုက်နိုင်တယ်။
ဆေးမသောက်သင့်သူများ
-ကိုယ်ဝန်ဆောင်မိခင်
-အသည်းမကောင်းသူ
-သွေးလွှတ်ကြောရောဂါရှိသူ
-စပျစ်သီးသန္ဓေတည်သူ
-ရင်သားကင်ဆာမျိုးရိုးရှိသူ
-အကြောင်းရင်းမဲ့ မွေးလမ်းကြောင်း သွေးဆင်းသူ
အတူတွဲမသောက်သင့်တဲ့ဆေး တွေလည်းရှိမယ်
****************************************

Credit to: Dr.Tint Swe

0 Comments