Last post

IUCD ကိုယ်ဝန်တား သားအိမ်ထဲထည့်ထားရတဲ့ ပစ္စည်း

IUCD ကိုယ်ဝန်တား သားအိမ်ထဲထည့်ထားရတဲ့ ပစ္စည်း

ဆရာရှင် ကျမအသက်က ၄ဝပါ။ ကိုယ်ဝန်ပျက်တာ ၃ ခါရှိပါပြီ။ တကြိမ်နဲ့တကြိမ် နှစ်လလောက်ပဲခြားပါတယ်။ နောက်ဆုံးအကြိမ်တော့ သားအ...ိမ်မခြစ်ရပါဘူးဆရာ။ cytotec ၁ဝ လုံးသောက်ခဲ့ရပါတယ်။ နောက်ထပ်ကလေးရမှာစိုးလို့ iud ထည့်ထားတာ တလလောက်ရှိပါပြီရှင်။ တချို့ကလည်း iud ထည့်ရင် သားအိမ်ထိခိုက်တယ်လို့ ပြောပါတယ်ရှင်။ iud အကြောင်းပြောပြပေးစေချင်ပါတယ်ဆရာ။
ကိုယ်ဝန်တားဘို့ သားအိမ်ထဲ ထည့်ထားရတဲ့ပစ္စည်း Intra-Uterine Contraceptive Device ကို အတိုကောက် (IUCD) ခေါ်တယ်။ (IUD) လို့လည်းခေါ်တယ်။ အင်္ဂလိပ်စာလုံး (တီ) နဲ့ တူတယ်။ အောက်ဖျားမှာ နိုင်လွန်ကြိုးလေး ၂ ချောင်းက သားအိမ်ထဲထည့်ပြီးနောက် (ဗဂျိုင်းနား) ထဲမှာ တိုတိုလေးကျန်အောင် ဖြတ်ပေးလိုက်တယ်။ ဒီပစ္စည်းလေး ရှိနေ-မနေ စစ်လို့ရအောင်ဖြစ်ပါတယ်။
ကိုယ်ဝန်တား သားအိမ်ထဲထည့်ထားရတဲ့ပစ္စည်း နှစ်မျိုးနှစ်စားရှိတယ်။
၁။ Copper IUD (ကော်ပါး-တီ) ပစ္စည်း။ လူအများဆုံးသုံးတာဖြစ်တယ်။ ၃ နှစ်နဲ့ ၅ နှစ်ခံတွေအသုံးများတယ်။ Paragard က ၁ဝ နှစ်ကြာထားနိုင်တယ်။ ဟော်မုန်းမပါလို့ ကလေးနို့တိုက်သူတွေနဲ့လဲ သင့်တယ်။ အထဲမှာပါနေတဲ့ ကြေးနီဓါတ်ဟာ သုက်ပိုးအတွက် အဆိပ်ဖြစ်စေတယ်။
၂။ Hormonal IUD ဟော်မုန်းပါပစ္စည်း။ Mirena လို့ခေါ်တာထဲမှာ Levonorgestrel ခေါ်တဲ့ Progestin ပါနေတယ်။ ပိုထိရောက်တယ်။ ဟော်မုန်းပါနေလို့ ဟော်မုန်းသတ္တိနဲ့ ဘေးထွက်ဆိုးကျိုးတွေတော့ ရှိလိမ့်မယ်။ သားအိမ်ထဲမှာ ၅ နှစ် ထားနိုင်တယ်။
နှစ်မျိုးလုံးကနေ သုက်ပိုးနဲ့ မ-မျိုးဥ မတွေ့စေအာင်လုပ်ပေးတယ်။ မျိုးဥနဲ့သုက်ပိုး တွေ့ကြအုံးတော့ သားအိမ်အတွင်းနံရံမှာ လာမတွယ်စေနိုင်ဘူး။ ဒီပစ္စည်းရှိနေလို့ သားအိမ်နဲ့ သားအိမ်ပြွန်တွေကနေ အရည်တမျိုးထွက်တယ်။ ဒီအရေထဲမှာ သွေးဖြူဥ၊ (ကေားပါး)၊ (အင်ဇိုင်းမ်) တွေနဲ့ Prostaglandins ဟော်မုန်းတွေပါတယ်။ နှစ်မျိုးလုံးကို ကိုယ်ဝန်မရှိတာ သေချာရင် ထည့်နိုင်တယ်။ ကလေးဖွါးဘူးတဲ့ အမျိုးသမီးကိုထည့်ပေးရတာ ပိုလွယ်ကူတယ်။
Hormonal IUD သုံးသူတွေ ၉ဝ% မှာ ရာသီဆင်းတာ နည်းစေမယ်။ ဗိုက်နာတတ်တာလဲ သက်သာမယ်။ တချို့မှာ ရာသီ မဆင်းတာလဲ ရှိတယ်။ ရောဂါမဟုတ်ပါ။ Endometrial hyperplasia သားအိမ်ရောဂါနဲ့ Endometrial cancer သားအိမ်-ကင်ဆာတွေ ဖြစ်တာ သက်သာစေနိုင်တယ်။ Endometriosis သားအိမ်ရောဂါရှိနေသူတွေလဲ ခံစားရတာတွေ သက်သာစေနိုင်တယ်။ သားအိမ်ပြင်ပသန္ဓေတည်တာဖြစ်တာလဲနည်းတယ်။ လူ ပိုမဝစေနိုင်ဘူး။
သတိထားစရာတွေ
• ပိုက်ဆံပိုကုန်ကျတယ်။
• ရာသီဆင်းတာ များတတ်တယ်။ တချို့မှာ ဗိုက်နာတာပိုနိုင်တယ်။ ကြားရက် သွေးနဲနဲဆင်းချင်ဆင်းမယ်။
• လူ ၁ဝဝဝ မှာ ၁ ယောက် သားအိမ်ကနေ ပေါက်ထွက်သွားတတ်တယ်။
• လူ ၁ဝဝ မှာ ၂ ယောက်ကနေ ၁ဝ ယောက်လောက် ထွက်ကျတတ်တယ်။ ထည့်ကား ပဌမနှစ်အတွင်း အဖြစ်များတယ်။
Copper IUD သုံးတဲ့ အမျိုးသမီး ၁ဝဝဝ ယောက်မှာ ၆ ယောက် ကိုယ်ဝန်ရတာ တွေ့ရတယ်။ Hormonal IUD သုံးတဲ့ အမျိုးသမီး ၁ဝဝဝ ယောက်မှာ ၂ ယောက် ကိုယ်ဝန်ရတာ တွေ့ရတယ်။ အဲလိုဖြစ်ရတာရဲ့ အများဆုံးအကြောင်းရင်းက ပစ္စည်းထွက်ကျတာ မသိလိုက်လို့ဖြစ်တယ်။ မွေးပြီးကာစ အမျိုးသမီးတွေမှာ ပိုဖြစ်တယ်။ ထည့်ပြီးနောက် တနှစ်အတွင်းမှာ ဖြစ်တာများတယ်။ ကလေး မမွေးဘူးသေးသူတွေလဲ ဖြစ်တယ်။
• Hormonal IUD သုံးသူတွေမှာ ကင်ဆာမဟုတ်တဲ့ မျိုးဥအိမ်အကျိတ် ဖြစ်နိုင်တယ်။ မခွဲရဘဲ ပျောက်သွားတတ်ပါတယ်။ တားဆေးစားဆေးတွေလိုဘဲ ဟော်မုန်းသတ္တိတွေရှိမယ်။ ရင်သားတင်းတာ-နာတာ၊ စိတ်မူပြောင်းတာ၊ ခေါင်းကိုက်တာ နဲ့ ဝက်ခြံထွက်တာတွေ ဖြစ်တယ်။ သိပ်မများလှပါ။
• တကယ်လို့ ပစ္စည်းထည့်ထားရင်း ကိုယ်ဝန်ရရင် ထုတ်ပြစ်ရမယ်။
• PID တင်ပါးဆုံတွင်း အင်္ဂါတွေရောင်ခြင်း ဖြစ်မလား စိုးရိမ်တာရှိပေမဲ့ ထည့်တုံးက ရှိနေခဲ့လို့ဖြစ်တာများတယ်။
• STD လိင်ကတဆင့် ကူးစက်ရောဂါတွေ ရှိနေတုံး မထည့်ပါနဲ့။ STDs တွေကို မကာကွယ်နိုင်ဘူး။
(ကောပါး-တီ) ကို အရေးပေါ်တားနည်းအဖြစ်သုံးနည်း
ကျားသုက်ပိုးနဲ့ မမျိုးဥတွေဆုံပြီးနောက် သားအိမ်နံရံမှာသန္ဓေကပ်ခြင်းဟာ မျိုးဥထွက်ပြီးနောက် ၆ ရက်ကနေ ၁၂ ရက် အတွင်းမှာ ဖြစ်နိုင်တယ်။ IUDs ထည့်တာကို မျိုးဥထွက်ပြီးနောက် ၅ ရက်အတွင်း လုပ်နိုင်တယ်။ မျိုးဥမထွက်ခင် ၃ ရက် လောက်အတွင်း အတူနေခဲ့တာကိုပါ ကာကွယ်မယ်။ အဲဒီရက်ဟာ အတူနေခဲ့ပြီး ၈ ရက်အထိအချိန်ကြာဖြစ်နိုင်တယ်။ ဒါပေမဲ့ မျိုးဥထွက်ရက်ကို မစမ်းဘဲမသိနိုင်လို့ အကာကွယ်မဲ့ လိင်ဆက်ဆံပြီးနောက် ၅ ရက်အတွင်း IUD ထည့်သင့်တယ်။ WHO ကတော့ ရာသီရက် ၁၂ ရက်မြောက်နေ့အထိ သုံးနိုင်တယ်လို့ ဆိုတယ်။ Copper IUD ကို ၁၂ နှစ်အထိထားနိုင်တာ ပေါ်လာပြီ။ သတိထားဘို့က လိင်ကတဆင့်ကူးစက်ရောဂါ ရှိနေသူတွေ မသုံးသင့်ဘူး။
IUD ထုတ်လိုက်တာနဲ့ ကိုယ်ဝန်ရနိုင်ပါပြီ။ ထည့်လို့ ထုတ်လို့ သားအိမ်ကိုထိခိုက်စရာ မရှိပါလို့သာပြောရပါမယ်။ ပြင်ပပစ္စည်းတခုအနေနဲ့ အဲလောက် (၃-၅ နှစ်) ထားနိုင်တာဟာ အင်မတန်ကောင်းတဲ့အခွင့်အရေးတခုဖြစ်တယ်။ ညှောင့်စူးတာဆိုရင် ၁-၂ ရက်တောင် ကိုယ်ခန္ဓာလက်ခံမထားပါ။ ထည့်ထားတုံးမှာ သားအိမ်အတွင်းနံရံကနေလည်း တွန်းထုတ်ပြစ်တာမျိုးမဖြစ်ပါ။ သားအိမ်အခေါင်းထဲမှာသာနေလို့ဖြစ်တယ်။ ကိုယ်ထဲမှာ ညှောင့်နေစရာမရှိပါ။
ပစ္စည်းထည့်ထားပြီးနောက် ဘာတွေကို ဂရုစိုက်ရမလဲ။ ချက်ချင်းအကာအကွယ်ပေးမယ်။ ရက်ရှောင်နေဘို့မလိုပါ။ ၄-၆ ပါတ်နေရင် ထည့်ပေးတဲ့ တခါခေါ်စစ်ပါမယ်။ ဒိနောက်မှာတော့ တနှစ်တခါသာ စစ်ဘို့လိုမယ်။ ရာသီလာတိုင်း ထွက်ကျ-မကျ ကိုယ့်ဖါသာစစ်ပါ။ ကြားထဲမှာလဲ ကိုယ့်ဖါသာ ကိုယ့်လက်နဲ့ကို စစ်နေနိုင်တယ်။ ခက်တာရှိမယ်။ လွယ်တာလည်း ရှိတယ်။ လိုအပ်တိုင်း ဆရာဝန်ကိုတိုင်ပင်ပါ။
မြန်မာပြည်မှာ ကုန်ကျစရိတ်မသိပါ။ ယမုန်နာဆေးခန်းလေးတုံးက တယောက်ကို ဆေးခန်းအတွက်အလှူငွေ ရူးပီး ၅ဝဝ နဲ့ထည့်ပေးခဲ့ပါတယ်။
ဒေါက်တာတင့်ဆွေ
Facebook မှကြည့်ချင်တဲ့သူတွေအတွက် ဒီကိုနှိပ်ပါ
#အိမ်ထောင်သည်ကျန်းမာရေး
အန္တရာယ်ကင်းဘေးရှင်းဖို့ sex toys သုံးကျစို့
ဖုန်းဆော့ဝဲယူချင်ရင် ဒီကိုနှိပ်ပါ 
  

0 Comments